အားလပ်ရက် ကိုခံစား ကြည့်ခြင်း (ရုပ်ရှင် ခံစား မှု )
ThE-HOLidaY-the-holiday-12475134-627-436
ဇွဲလွင် ၊    ၊ တကယ်တော့ လူတစ်ယောက်ကို နှလုံးသားနဲ့ ရင်းပြီး ချစ်မြတ်နိုးရတာရော ၊ နောက်ကိုယ့်ဘဝထဲမှာ
ကနေ ထားရစ်ခဲ့ဖို့ ဆုံးဖြတ်ရတာရောမှာ သတ္တိလိုအပ်ပါသည်။
ချစ်မြတ်နိုးရသော ကိစ္စမှာ ဒီလူက ကို်ယ့်အပေါ်နာကျင်စေမယ့်သူလား၊ ကိုယ့်အပေါ်နားလည်
ကြင်နာနိုင်မယ့်သူလား မသေချာပဲ ကိုယ့်ဘဝတစ်ခုလုံးအတွက် အဖော်မွန် ဖြစ်နိုင်ကောင်းပါရဲ့ ဟူသော
မျှော်လင့်ချက်လေးတစ်ခုကို ယုံစား၍ ပုံအော လို်က်ရတာ ဖြစ်သည်။ ဒီလူကို ချစ်လိုက်ရပြီဆိုတာနှင့်
ကိုယ်က တခြားသူများထက်ပိုကာ သူ့အပေါ် အခွင့်အရေးတွေ ပိုပေးခဲ့ရပြီ။ နီးစပ်မှုတွေရှိခဲ့ရပြီ။ ကိုယ်ရဲ့
ကောင်းမွန်သော အရာများကိုသာမက အားနည်းချက် အပုံအပင်ကိုပါ သူက
ရင်းနှီးသိရှိလာမည်ဖြစ်သည်။
ဒီတစ်လောကလုံးရှေ့မှာ ကိုယ်က မာကြောပြနိုင်သော်လည်း သူ့ရှေ့မှာဖြင့် ကိုယ်က ထိခိုက်ခံစားလွယ်
ခဲ့ရပြီ။ ဒီလိုအဖြစ်မျိုးကို လက်ခံပြီး ရှေ့ဆက်တိုးဖို့ သတ္တိက အမှန်တကယ် လိုအပ်လေသည်။
တွယ်တာမြတ်နိုးရသော လူတစ်ယောက်ကို ကိုယ့်ဘဝထဲက ထုတ်ပယ်လိုက်ဖို့ကလည်း လွယ်ကူ
လှတာမဟုတ်ပါ။  ဘဝနှစ်ခု မပေါင်းဆုံနိုင်၍ ချစ်လျက်နှင့်လမ်းခွဲသွားကြရသော ဇာတ်လမ်းများက
အပုံအပင်။ သို့ ပေမယ့် သူတို့တွေက ဆက်ချစ်နေနိုင်ကြသေးသည်။ ဆွတ်ပျံ့ဖွယ် ကောင်းသော ကာ
လကလေးများကို ပြန်တွေးရင်းနှင့် မိတ်ဆွေတွေ အဖြစ် တစ်ယောက်ကို တစ်ယောက် ကူညီနေနိုင်ကြသေး
သည်။ တစ်ယောက်ဘဝထဲက တစ်ယောက်ကို အပြီးတိုင် ထုတ်ပစ်ရအောင် နာကျည်းနေကြသူတွေမဟုတ်။
ဒါလည်းပဲ ခွန်အားလိုအပ်တာပါပဲ။
တချို့ကြတော့ ချစ်သူကို သစ္စာဖောက်ကာ စွန့်လွှတ်သွားကြသူတွေ။ သူတို့တွေလည်း တချိန်မှာ
နောင်တဆိုတာ မရှိ့ပဲ နေမယ်လို့  အတတ်မပြောနိုင်ပါ။ နှောင်းနောင်တတွေနှင့် ဘဝကို ရှင်သန်ရ
သူတွေလည်း ရှိမည်ပဲ။
ထိုအထဲမှာ အဆိုးဝါးဆုံးကတော့ တစ်ဖက်သက်အချစ်၏ သားကောင်များ ဖြစ်လေသည်။ ကိုယ့်
အချစ်ကို ဥပေက္ခာပြုခံရသူတွေ။ မေတ္တာတုံ့ပြန်ခြင်းမခံရသူတွေ။ အို ဒုနဲ့ဒေးပါပေ။ သားကောင်ဟု အခေါ်ခံ
ရတဲ့အထိ အချစ်၏ ကျည်စားမှုကို ခံရဖို့ က ကိုယ့်အချစ်ကို အသုံးချနေမည့် မသိသားဆိုးဝါးနေသူ
တစ်ယောက်ကို တမ်းတစွဲလမ်းနေမှ ဖြစ်မည်။ ကိုယ့်အပေါ် မကောင်းတဲ့သူကို ဘာဖြစ်လို့  ဆက်တွယ်
ကပ်နေမှာလဲ၊ ဂျင်းစိမ်းနှင့် မိဿလင် သူကြင်မှ ကိုယ်ကြင်ရုံပေါ့ဟု အလွယ်တကူ ပြောနိုင်ကြသူများက
တစ်ဖက်သက်အချစ်ကို မကြုံဖူးသူများသာ ဖြစ်ပါလိမ့်မည်။
စင်စစ် ဘယ်တော့များ ချစ်ရသူ စိတ်လည်မလားဟု မဆုံးနိုင်သော မျှော်လင့်ချက်တွေ။ ဖြူဖြူကျော်
သိန်း၏ ” မျှော်နေမိသူ” သီချင်းထဲကလို ပြောလိုက်သော စကားလုံးတွေထဲမှာ ကိုယ်လိုချင်တဲ့ အချစ်ဆိုတဲ့
အရာ ဒါမှမဟုတ် သံယောဇဉ် အပိုင်းအစလေး ကို ရှာဖွေနေမိရတာတွေ။ မေ့ပစ်လိုက်ဖို့ ကြိုးစားပြန်တော့လည်း
ချစ်သူကို သစ္စာ မပျက်နိုင်တာ မဟုတ်ပဲ ကိုယ့်အချစ်ကို ကိုယ် မဖျက်ဆီးပစ်နိုင်တာသာ ဖြစ်လေသည်။
ထိုကဲ့သို့သော အချစ်ဆိုတဲ့ အရာထဲကို သက်ဆင်းဖို့  မဝံ့ရဲသူတွေ၊ နောက် အချစ်က ဘဝရဲ့ ပျော်ရွှင်
စရာတွေကို တိုက်စားချနေလျက်က စွန့်လွှတ်ဖို့ မဝံ့ရဲသူတွေ ထိုလူတွေအတွက် ခွန်အားသစ်ပေးစွမ်းနိုင်မည်
ဟု ကျနော်ယူဆမိသော ရုပ်ရှင်တစ်ခုအကြောင်း ဝေမျှချင်ပါသည်။
ဒါရိုက်တာ Nency Meyers ကိုယ်တိုင် ရေးသားထုတ်လုပ်ရိုက်ကူးထားသည့် The Holiday
ရုပ်ရှင်ဖြစ်သည်။ ဒါရိုက်တာနာမည် ကြားရုံနှင့် စိတ်မဝင်စားမိရင်တောင်မှ မင်းသမီး Kate winslet ၊
Cameron Diaz တို့ ပါဝင်ထားကြသည်ဟု သိလိုက်ရင် အာရုံပြုမိကြမည်ထင်သည်။ အဲ Jude Law နှင့်
Jack Black (KingKong) တို့ ကပါ အားဖြည့်ထားသည်ဟု ထပ် ညွှန်းလိုက်ရလျှင်တော့ မျက်ခုံးပင့်လာကြပါမည်။
မင်းသမီး Cameron Diaz က အချစ်ဟာသ ကားများနှင့် နာမည်ကြီးလာသူ။ My best friend’s wedding
ထဲကလို နုပျိုသော ရွှေရုပ်အဆင်းမဟုတ်တော့သည့်အတိုင် စတိုင်ကျသော ဇာတ်ရုပ်နှင့်အန်ဝင်သော ညှို့ဓာတ်ပြင်း
အပျိုကြီးမမ မင်းသမီးတစ်ဦး အဖြစ် ရပ်တည်နေဆဲဖြစ်သည်။ Kate winslet ကတော့ အထူးတလည် ချီးမွမ်းခန်းဖွင့်
စရာမလိုအောင်ပင် အနုပညာ အရှိန်အဝါ ကြီးမားခဲ့ပြီ။ ကိုယ်ကြိုက်မှ ဇာတ်ကားတွေကို လက်သင့်ခံတတ်သူ၊ မဟုတ်ရင်
ဘယ်ဒါရိုက်တာ နာမည်ကြီးဖြစ်ဖြစ် ဘယ်လောက်ပေါက်မှာ သေချာတဲ့ ဇာတ်လမ်းဖြစ်ဖြစ် အသာတကြည် ငြင်းပယ်ဖို့
ဝန်မလေးတတ်သူအဖြစ် နာမည်ကြီးသည်။  Gwenth Paltrow တိုလိုမင်းသမီးတွေက သူငြင်းလိုက်သည့်
ဇာတ်ကောင်တွေနှင့် အော်စကာယူခဲ့ကြသည်ဟု မှတ်သားရဖူးသည်။ သူ့သရုပ်ဆောင်ပြီဟေ့ဆိုလျှင် တစ်ကမ္ဘာလုံးက
မျက်စိဒေါက်ထောက် ကြည့်တတ်ကြသည်။ ကောင်းမည်က သေချာသည်ကိုး။ Meryl Streep ခြေရာကို မှီလာမည့်
မင်းသမီး မဟုတ်လား။ သူနှင့် Meryl တို့ တစ်ကားလောက် တွဲရိုက်ဖြစ်လျှင် မီးပွင့်ထွက်လာမည့် သရုပ်ဆောင်ချက်များ
ဖြစ်မှာ သေချာသည်။
Jude law က အသက်ကြီးလာလေ ငယ်ငယ်ကလောက် ညှို့ ဓာတ်မရှိပဲ ထိပ်ပြောင်လာကာမူ သည်းသည်းစွဲ
အားပေးတဲ့ ပရိသတ် အခိုင်အမာရှိပြီးသား။ အနုပညာအားကောင်းသလို ကားကောင်းကားသန့် တွေမှာ ပါခွင့်ရနေ
သူဖြစ်သည်။ Jack Black က သူတို့ လောက် နာမည်ကြီး မဟုတ်သော်လည်း၊ အရပ်ပုပု ဝဝဖိုင့်ဖိုင့်ဖြစ်သော်လည်း
ဒီကားတစ်ကားတည်းနှင့် သူ့ပရိသတ်ဖြစ်သွားကြမည်ဟု ကျနော် ပြောရဲပါသည်။ သူက ရပ်ကွက်ထဲ မြင်နေကြ
သဘောကောင်းကောင်း သာမန်ထက် ပိုမထူးခြားသည့်ပုံစံပါပဲ။ ဒါကကိုပဲ သူ့ကို သဘောကျချင်စရာ ဖြစ်ရသည်။
ဗလကောင်းကောင်း စက်စက်ယို ချောသည့် မင်းသားတွေကြားထဲ မှာ သူ့  မြင်နေရတာကိုက ပျော်စရာမဟုတ်လား။
ဇာတ်လမ်းထဲမှာ Kate Winslet က England နိုင်ငံ surrey မြို့လေးမှာ နေထိုင်သည်။ surrey က လန်ဒန်
ကနေ မိနစ်လေးဆယ်ပဲ ဝေးသည်ဟုဆိုသည်။ သူနေသည့် cottage အိမ်ငယ်လေးမှာ ချစ်စရာကောင်းလှသည်။
သူက  သတင်းစာတစ်စောင်မှာ အလုပ်လုပ်နေသူ။ သူ့အတွက် သုံးနှစ်ကြာ စိတ်ဆင်းရဲနေသည့် ကိစ္စကတော့ ကိုယ့်
အပေါ် သစ္စာမရှိသည့် ချစ်သူအပေါ် မပြတ်သားနိုင်ပဲ ဖြစ်နေရခြင်းဖြစ်သည်။ ချစ်သူJasperကလည်း သတင်းစာ
တစ်စောင်ထဲမှာ စာရေးနေသူ ဆိုတော့ ပိုဆိုးတော့သည်။ ဇာတ်လမ်းအစကို Kate သရုပ်ဆောင်သည့် ဇာတ်ကောင်
Iris က Christmas အတွက် ရုံးပိတ်ကာ အားလက်ရက်ယူဖို့  ပျော်ပွဲလုပ်နေစဉ် ဆူညံပျော်ရွှင်နေသော ရုံးလူအုပ်ကြားထဲမှာ မပျော်ရွှင်နိုင်ပဲ ယောင်ချာချာခံစားချက်တွေနှင့် မထွေးနိုင်မအန်နိုင် ဖြစ်နေသည်။ စကတည်းက Kate က ဒါကြောင့်
Kate ဟု ခေါ်လေသည်လို့ ပြောရလောက်အောင် ပိရိပြောင်မြောက်ခဲ့သည်။
Kate ခံစားချက်ကို ပီပြင်အောင် ပံ့ပိုးပေးတာက ဇာတ်ညွှန်း ထဲက စကားပြောတွေ ဖြစ်သည်။ တစ်ဖက်သက်
အချစ်ကြောင့် အလူးအလဲ ခံနေရသည့် Kate ဇာတ်ကောင်က ကိုယ့်ကိုကိုယ် ပြန်တိုင်တည်နေသယောင်
စကားပြောတွေကြောင့် ဗွေဆော်ဦး တစ်ခန်းမှာတင် ကြည့်နေသူတွေက ခံစားချက်ခြင်းကူးစက်သွားသည်။
ချစ်ရသူက အနားကပ်လာပြီး နှုတ်ဆက်တော့ စိတ်လှုပ်ရှားနေလျက်က ပျော်ရွှင်နေလျက်က တချိန်တည်း
စိတ်ဆင်းရဲနေရသော အမူအရာကို ပုံဖော်ပြသွားသည်။ ဇာတ်ကောင်စရိုက်နင့် လွတ်သွားသည်ကို တစ်ကား
လုံးမမြင်ခဲ့ရ။ သူ လုပ်သမျှ အသေးစိတ် အမူအရာတိုင်းက ဇာတ်ကောင်နှင့် တစ်သားတည်းဖြစ်ကာ ဇာတ်ကောင်
Iris ၏ လှောင်ပိတ်မွမ်းကျပ်နေရသမျှကို မြင်သာစေသည်။
Iris က ချစ်သူ နှစ်သက်သော စာအုပ်၏ ပထမဆုံး ပုံနှိပ်မူကို ခရစ်စမတ်လက်ဆောင် ပေးသည်။
သကောင့်သားက လေသာရှိသည်။ တကယ်တမ်း လက်ထဲဘာမှ မပါလာခဲ့။ ဒါတောင် Iris က မနှစ်တုန်းက
ဆို မတ်လရောက်မှ လက်ဆောင်ချင်းလဲရတာလေ။ တို့တွေ တိုးတက်လာပါပြီ ဆိုလိုက်သေးသည်။ အမှန်တကယ်
အခြေအနေကို ခဏအကြာမှာပင် ရင်ကွဲပက်လက် သိလိုက်ရသည်။ လောလောဆယ် ရည်းစားဟောင်းဟု
သမုတ်ရမည့် ချစ်သူက စေ့စပ်လိုက်ပြီ ဖြစ်ကြောင်းကို ကြေငြာသည်။ ရုံးက အကြီးအကဲက ငါတို့ဂျာနယ်တိုက်
က လုပ်ဖော်ကိုင်ဖက်တွေ မင်္ဂလာသတင်းကို မင်းကို ပထမဆုံးရေးခိုင်းမယ် Iris ဟု ပြောလိုက်သေးသည်။
ဒီမှာတင် ဒါရိုက်တာက ပြောသမျှစကားတွေကို စာတန်းပဲ ထိုးကာ အသံတွေကို ဖျောက်ပစ်လိုက်သည်။
ဒီတော့ Iris ၏ တစ်လောကလုံးမှာ တစ်ယောက်တည်းဟူသော အထီးကျန်ခံစားချက်က သိသာသွားတော့သည်။
အပြန်လမ်းတစ်လျှောက်လုံး အားတင်းလာရသည့် iris က အိမ်တံခါး ပိတ်မိသည်နှင့် တင်းထားသမျှကို
အသံကုန်ဟစ် ငိုကြွေးဖောက်ခွဲလိုက်သည်။
Iris တို့မှာ ညဖြစ်နေသည့်အချိန်တွင် Los Angeles တွင် မိုးသောက်နေပြီ။ မချောလေး Amanda နှင့်
အတူနေချစ်သူတို့ ခွာပြဲဖို့ တိုက်ပွဲဝင်နေကြပြီ ဖြစ်သည်။ Cameron Diaz ဇာတ်ရုပ် Amanda က လည်ဝယ်သည်။
ထက်မြက်သည်။ ငွေရှာနိုင်သည်။ ယခုလည်း အတူနေချစ်သူEthanကို တခြားကောင်မလေးတစ်ယောက်နှင့်
အိပ်ခဲ့ပါသည်ဟု တပ်အပ် စွပ်စွဲနေသည်။ ဘယ်လို ငြင်းငြင်းမရ။ အိမ်က နှင်ထုတ်လိုက်ပြီးနောက် အိမ်ပေါ်ထပ်ကနေ
လှမ်းမေးသေးသည်။ နင် ငါ့ကို မနှိပ်စက်ချင်စမ်းပါနဲ့တော့။ အမှန်အတိုင်းပြောစမ်းပါဟု ထပ်မေးတော့ ဟိုက လည်း
ရွဲ့ကာ အမှန်အတိုင်းဖြေသည်။ မင်းက ရည်းစားနဲ့ ကွဲတာတောင် မျက်ရည်တစ်စက်မှ ကျမယ့် မိန်းကလေး မဟုတ်ဘူး၊
မင်းကြောင့်ပဲ ဆက်ဆံရေးတွေ အဆုံးသတ်တာပဲ မဟုတ်လားဟု အရှိုက်ထိတော့ အောက်ဆင်းလာက လက်သီးနှင့်
မျက်နှာကို ပိတ်ထိုးပစ်လိုက်သည်။
ပြီးတော့ ချက်ချင်းပင် အိမ်မှာ ထားထားသည့် အလုပ်ခန်းထဲမှာ အလုပ်ကို လက်စသတ်ပေးသည်။ သူက
ရုပ်ရှင်တစ်ခုလုံးကနေ ကြော်ငြာဖြစ်အောင် အပိုင်းတို trailer ဖြစ်အောင် လုပ်ပေးသည့် လုပ်ငန်းကို ပိုင်ဆိုင်သည်။
အလုပ်ခွင်မှာ အောင်မြင်နေသလောက် အချစ်ရေးမှာ အသုံးမကျဖြစ်နေသော သူ့ ဘဝကို စိတ်ကုန်ကာ အလုပ်
များနေသော်လည်း အားလပ်ရက် ယူတော့မည် ကြွေးကြော်သည်။ အဖွဲ့ သားတွေလည်း ဝမ်းသာသွားကြသည်။
Google မှာ ရိုက်ထည့်ပြီး ရှာလိုက်တော့ Iris ၏ ရာသီဥတုကောင်းတုန်း ရိုက်ထားသည့် cottage ကလေး
ကို သွားတွေ့ သည်။ အင်္ဂလိပ်စကားပြောသည့် ရေခြားမြေခြားတစ်နေရာကို သွားနေချင်သည့် Amanda က ချက်ချင်းပင်
စာပို့ သည်။ ဟိုမှာ Iris က စိတ်ကူးပေါက်ရာ ဓာတ်ငွေ့ ဖွင့်ပြီး ရှူကြည့်နေသည်။ ကွန်ပြူတာက စာဝင်ကြောင်း
အသံမြည်မှ သတိနှင့်ကိုယ် နှင့် ကပ်သွားသည်။
တကယ်တော့ Iris အိမ်က ငှားဖို့ မဟုတ်။ အိမ်ချင်းလဲလှယ်ဖို့ သာ ဖြစ်သည်။ အိမ်အချင်းချင်း ကားက အစ
လဲလှယ်သုံးကြမည်ဖြစ်သည်။ Iris ကလည်း ဟိုးအဝေးကြီး စိတ်ပြေလက်ပျောက်သွားချင်သူ ဖြစ်လေတော့
နှစ်ယောက်သား ရေငတ်တုန်း ရေတွင်းထဲကျ မနက်ဖန်ပဲ လဲလှည်ဖို့ ပြင်သည်။
Amanda နှင့် Iris က ပုံစံချင်း တခြားစီဖြစ်သည်။ Iris က စာပေလုပ်ငန်း လုပ်ကိုင်သူ။ Amanda က
ရုပ်ရှင်လုပ်ငန်း။ Iris က ခံစားချက်ကို ဖော်ပြလွယ်သူ။ Amanda က ဆယ့်ငါးနှစ်သမီးကတည်းက မျက်ရည်မ
ကျဖူးတော့သူ ဖြစ်သည်။ ကြိုးစားပြီး ငိုကြည့်ပါသေးသတဲ့။ တစ်စက်မှ ထွက်မလာချေ။ Cameron က မိမိ သ
တိမထားလိုက်မိခင်မှာပဲ အသည်းမာသူအဖြစ် ပြောင်းလဲနေခဲ့သည့် အပျိုကြီး ဇာတ်ရုပ်နှင့် ကွက်တိဖြစ်သည်။
သရုပ်ဆောင်ကောင်းတစ်ယောက် ပီသစွာပင် ဟာသမြောက်သည့် အကွက်များကို အပိုအလိုမရှိ ကွက်တိ
လုပ်သွားသည်။
သူ့အိမ်ကိုယ့်အိမ်ရောက်တော့ နေသာသည့် LA မှာ Iris က ပျော်နေသလောက် Amanda က
နှင်းတွေတဖွဲဖွဲကျနေသည့် England မှာ တစ်ယောက်တည်း အထီးကျန်ခံစားနေရသည်။ ပြန်တော့မည်။
အထီးကျန်ဆန်လွန်းလို့ သည်းမခံနိုင်တော့ဟု ဆုံးဖြတ်မိစဉ် ကိုလူချော Graham (Jude Law ) က
ပေါက်ချလာသည်။ သူ့ညီမ Iris တစ်ယောက် LA ထွက်သွားတာ မသိလိုက်မိပဲ  မူးမူးနှင့် ရောက်လာတာဖြစ်သည်။
Amanda ကလည်း အဖော်လိုနေတာ ဖြစ်သဖြင့် စကးလက်ဆုံကြမိကာ နောက် တစ်ပုလင်းဖွင့် ကြသည်။
နောက်တော့ Amanda က နောက်လည်း တွေ့ တော့မယ် လူတွေမှ မဟုတ်တာ ၊ ကျမလည်း တစ်ယောက်
တည်းဖြစ်နေတယ်၊ ရှင်ကလည်း ခပ်ချောချောပဲဆိုကာ တစ်ညတာ ချစ်စခန်းဖွင့်မိကြသည်။
LA မှာ ပျော်နေသော Iris ဆီ ရည်းစားဟောင်းJasperက ဖုန်းဆက်သည်။ သူရေးထားသော စာမူလေးကို
ဖတ်ပေးစမ်းပါ။ မင်းက ကိုယ့်ရဲ့ အသက်ကယ်ကိရိယာလေးပါပဲ ဟု ချစ်စနိုးပြောသည်။ ဒီမှာတင် Iris တစ်ယောက်
ဖုန်းပြောရင်း ဖီလင်တက်လာတုန်း ဟိုက မအားတော့ပဲ ဖုန်းချပစ်လိုက်သည်။ ဒီအခန်းမှာ ဒါရိုက်တာက လိုက်ကာတွေကို
ချကာ အိပ်ခန်းတစ်ခန်းလုံး အမှောင်ချလိုက်စေပြီး Iris ကို  ပြန်အိပ်ခိုင်းလိုက်ခြင်းဖြင့် တက်ကြွနေသည့် စိတ်ကလေး
ချစ်သူ့  အသံကြောင့် ထိုင်းမှိုင်းသွားခြင်းကို ပိုမြင်သာစေသည်။
Amanda နှင့် Graham တို့လည်း တစ်ညတာ အပျော်ဟုပဲ မှတ်ယူခဲ့ရာမှ အခြေအနေက ပိုမိုတိုးတက်
လာသည်။ Amanda လည်း လေဆိပ်ရောက်ပြီးကာမှ မပြန်ဖြစ်တော့။ Graham ၏ ဖမ်းစားမှုအောက်မှာ
ကျရောက်နေခဲ့ပြီ။ အတူတူလျှောက်လည်ကြ၊ တစ်ယောက်အကြောင်း တစ်ယောက် စပ်စုကြနှင့် သံယောဇဉ်က
လျင်မြန်စွာ ပေါက်ဖွားလာသည်။
Iris အဖွဲ့ ကျသွားတာကတော့ အသက်ကိုးဆယ်ခန့် အဘိုးကြီး Arthur ဖြစ်သည်။ သူရောက်နေတဲ့
ရပ်ကွက်က ရုပ်ရှင်ဖန်တီးသူတွေ စုစည်းနေတဲ့ ရပ်ကွက်ဆိုတော့ အော်စကာဆုရ ဇာတ်ညွှန်းဆရာဟောင်း Arthur
ကို အကြောင်းပြုကာ ရုပ်ရှင်နယ်ပယ်က အဘိုးကြီးများနှင့် သိကျွမ်းလာသည်။  အိမ်မှာ စုပြီး ပါတီလုပ်ကြသေးသည်။
Jack Black ဇာတ်ကောင် Miles က သူ့သူငယ်ချင်း Amanda ရည်းစားဟောင်း Ethan ကျန်ခဲ့တဲ့ ပစ္စည်းတွေ
လာယူရင်းက Iris နှင့် ခင်မင်သွားသည်။ အဘိုးကြီးအုပ်စုတွေနှင့်လည်း အဖွဲ့ကြသွားသည်။ Iris နှင့် Miles က
အင်မတန်ပင် စရိုက်ချင်းတူသည် ။ အသက်ကြီးသော သူများအပေါ် ချစ်ခင်လေးစားတတ်တာရော၊
သဘောကောင်းပြီး ညှာတာ တတ်သူများဖြစ်တာရော၊ ချစ်သူက လှည့်စားခြင်းကို ခံရတာရောပါ တူညီကြသည်။
Arthur က Iris ကို အချစ်ရေးနှင့် ပတ်သက်၍ ဝေဖန်သည်။ တို့ ရုပ်ရှင်မှာ အဓိက ဇာတ်ကောင်နဲ့  သူ
့ဘေးက အချစ်ဆုံးသူငယ်ချင်းဆိုတာ ရှိတယ်။ မင်းက အဓိက ဇာတ်ကောင်ဖြစ်ပြီးတော့ အချစ်ဆုံးသူငယ်ချင်းလို
သရုပ်ဆောင်နေတာပဲလို့ ဝေဖန်တော့ Iris က ကျွန်မ Therapist ဆီသွားပြီး တိုင်ပင်နေရတာ သုံးနှစ်ရှိပြီ။ တစ်ခါမှ
ဒီလို မရှင်းပြဖူးဘူးဟု ဆိုသည်။ Arthur က Iris ကို အမျိုးသမီး ဇာတ်ကောင် ဦးဆောင်သော ရုပ်ရှင်ကားတွေ
ဆယ့်ငါးကားခန့် စာရင်းပေးလိုက်သည်။ သဘောကောင်းကာ ပျော့ညံ့သော Iris ကို ထက်မြက် ကြံ့ခိုင်လာရန်
ရည်ရွယ်လေသည်။
Iris ကလည်း Arthur ၏ တစ်သက်တာ လုပ်ဆောင်မှုများအတွက် ဂုဏ်ပြုသော အခမ်းအနားကို
Arthur လက်ကိုင်တုတ်မပါပဲ သွားနိုင်အောင် လေ့ကျင့်ခန်းလုပ်ပေးသည်။ Iris က ကြေကွဲနာကျင်မှုတွေ
ကနေ Miles နှင့် Arthur တို့ အကူအညီဖြင့် ကင်းလွတ်စပြုလာသည်။
Amanda ကလည်း Graham က ကလေးနှစ်ယောက် အဖေမုဆိုးဖို ဆိုတာ မထင်မှတ်ပဲ သိလိုက်ရသည်။
Sophie နှင့် Olivia ခေါ် သမီးလေးနှစ်ယောက်နှင့် ချက်ချင်း ရင်းနှီးသွားကြသည်။ Graham က ဖွင့်မပြောပဲ
နေခဲ့မိသည့်အတွက် တောင်းပန်သည်။ ဇာတ်ဝင်စကားပြောတွေက ပြောင်မြောက်လှသည်။ မပြုံးမိပဲ မနေနိုင်ပါ
။ ကိုယ့် ခြံနောက်ဖက်မှာ နွားမတစ်ကောင်ရှိတယ်။ ကိုယ်က အပ်လည်း ချုပ်တတ်တယ်။ စသဖြင့် အမှန်အတိုင်း
ဝန်ခံတော့ Amanda က ပိုလို့ တွယ်တာလာရသည်။
Iris နှင့် Miles တို့ ခွေဆိုင်မှာ ခွေရွေးနေစဉ် Miles ကောင်မလေး Maggie က ကောင်လေးတစ်ယောက်နှင့်
တွဲနေတာတွေ့ လိုက်ရသည်။ ဝမ်းနည်းနေသည့် Miles ကို Iris က နှစ်သိမ့်သည် ။ ရှင်ခံစားနေရတာကို
ကျမအသေအချာသိတာပါ။ ကိုယ့်အပေါ်မကောင်းတဲ့သူ ဆိုတာ ကိုယ်ရိပ်မိပေမယ့်လည်း ကိုယ်ထင်တာ မှားပါစေလို့လည်း
တိတ်တခိုးမျှော်လင့်နေတယ်။ နောက် ကိုယ်က သူမကောင်းတာတွေ တွေ့ ရရင်လည်း လျစ်လျူရှူမိနေပြန်ရော။ သူက
ကိုယ့်အပေါ် တခါတလေ ကောင်းရင် ကိုယ်က ပြန်ပါသွားပါလေရော။
ဟာ သိလှချည်လားလို့ Mile က အံ့သြတော့ Iris က ရင်ဖွင့်ပြသည်။ ဘယ်လောက်ပဲ ဆံပင် ပုံစံအသစ်ညှပ်ညှပ်
၊ အားကစားရုံဘယ်လောက်ပဲ သွားသွား၊ မိန်းကလေး သူငယ်ချင်းတွေနှင့်  ဘယ်လောက်ပဲ သောက်သောက် ညကြရင်
ဘာမှမထူးဘူး။ အသေးစိတ်က အစပြန်ခံစားနေရတာပဲ။ မှတ်မိနေတာပဲ။
သူ့ ထက်ပိုဆိုးမှန်း သဘောပေါက်သွားသော Mile က Iris ကို ပြန်နှစ်သိမ့်ရသည်။
မုန်တိုင်းငြိမ်စပြုပြီဟု ထင်နေခဲ့သော Iris ဆီ ရည်းစားဟောင်းJasperက ပေါက်ချလာသည်။ ဇာတ်ရှိန်
အမြင့်ဆုံးသည် ဒီနေရာပါပဲ။ ဒီအခန်းမှာ ပြောသမျှစကားလုံးတိုင်းသည် ရုပ်ရှင်ကြည့်သူ၏ ရင်ထဲကို ခုန်ပေါက်
စီးဝင်သွားတော့သည်။
ရည်းစားဟောင်းက မင်းကို ကို အဆုံးရှုံးမခံနိုင်ပါဘူး ကလေးရယ်။ ကိုယ့်မျက်နှာကို ကြည့်မယ် မဟုတ်လားဟင်
စသဖြင့် ချော့တော့ Iris က အရည်ပျော်ပြန်သည်။ မင်းနဲ့ကိုယ် Venice သွားလည်ရအောင်နော် ဆိုတော့ ရှင်တကယ်
လွတ်လွတ်ကင်းကင်းဖြစ်ပြီပေါ့ဟု Iirsကမေးသည်။ မင်းအတွက်ကိုယ် ကမ္ဘာတစ်ဝက်လောက် ကိုယ်ဖြတ်လာခဲ့တာပါ
ကွယ်ဟု ဆင်ဝှေ့ ရန်ရှောင်ဖြေသည်။ ဒီမှာတင် Iris ပေါက်ကွဲပါပြီ။ ရှင် ကျွန်မမေးခွန်းကို ဖြေနေတာမဟုတ်ဘူးလေးဟု
ထပ်မေးတော့ ကိုယ်တော်က စေ့စပ်ထားဆဲ ဖြစ်သည်။
ရှင်တချိန်လုံး  အားလုံးက ကျွန်မအပြစ်ချည်းပဲ၊ ကျွန်မ နားလည်မှုလွဲလို့  ဖြစ်ရတာတွေပဲ ဆိုတဲ့ ပုံစံနဲ့နေခဲ့တာပဲ။
ကျွန်မမှာလေ ရှင့်ကို ချစ်လွန်းလို့  စိတ်မဆိုးရက်ခဲ့ဘူး။ ကျွန်မကိုယ်ကျွန်မပဲ အပြစ်ပေးနေခဲ့တယ်။ အခုတော့ ရှင်က ကျွန်မရဲ့
ချစ်စရာကောင်းတဲ့ ခရစ်စမတ် ညနေခင်းလေးမှာ ဝင်လာပြီး  လက်ထပ်တော့မယ့်ဆဲဆဲ ဖြစ်နေတာကို ကျွန်မကို အဆုံးရှုံး
ကတော့ ပါတော့မှာ မဟုတ်ဘူး။
ကျနော်ဖြင့် အဲဒီစကားပြောတွေကြောင့် အံ့သြနေမိသည်။တကယ့်ကို အားပါးပြီး ထိထိရောက်ရောက်ပါပဲ။ အဲဒီ
ညနေခင်းမှာပဲ Arthur ကို ဂုဏ်ပြုသည့်အခမ်းအနားးကို Iris က တက်ကြွစွာ အဖော်ပြုပေးသည်။ ရုပ်ရှင်တွေက
ပြောင်းလဲပစ်လိုက်တာလေဟု Arthur ကိုကျေးဇူးတင်ကြောင်းပြောသည်။ အခမ်းအနားမှာ ဖွင့်တဲ့ တီးလုံးက Miles
တီးပေးတာဖြစ်သည်။ ရည်းစားက ပြန်တောင်းပန်သော်လည်း လက်မခံတော့သော Miles က နှစ်သစ်ကူးကို အင်္ဂလန်
လိုက်လာခဲ့မည် ဆိုသည်။ ကျနော်တို့ အားလုံး မျှော်လင့်နေသလို Iris က လွတ်လပ် ပျော်ရွှင်နှင့် ကိုယ့်အပေါ် နားလည်
သည့် ချစ်သူကို ရခဲ့ပြီ။ ဒီအခန်းမှာ Kate မျက်နှာက ပျော်ရွှင်မှု  အဟုန်ဖြင့် တောက်ပနေသည်မှာ လှောင်အိမ်ထဲက လွတ်
သွားတဲ့ ငှက်တစ်ကောင်လိုပါပဲ။
Amanda က သူတို့ဇာတ်လမ်းကို ဆက်ဖို့ခက်နေသည်။ နိုင်ငံတွေခြားနေမှတော့ ဘယ်လိုမှ မဖြစ်နိုင်ဟု ယူဆသည်။
Garaham က သူ့ ကို ချစ်သည်ဟု ဖွင့်ပြောပေမယ့်လည်း ဒီဇာတ်လမ်းက အနေဝေးက အဆုံးသတ်မှာပဲ ။
ဒီထက်ပို သံယောဇဉ်မတွယ်ခင် ပြန်မည်ဟု ဆုံးဖြတ်သည်။
လေဆိပ်သွားရန် အိမ်ကထွက်စဉ် သိပ်မဝေးသေးခင်မှာပဲ Amanda ပါးပေါ် စီးကျလာသည်က ဆယ့်ငါးနှစ်
သမီးကတည်းက ပျောက်ကွယ်ခဲ့သည့် မျက်ရည်စက်များ။ ကြည်နူးစွာ ရယ်နေမိပြန်သည်။ ဒီနောက်တော့ ကားကို
ပြန်လှည့်ခိုင်းရင်း ကားက နှင်းထဲ သွားနေတာ အားမရတော့၍ ကိုယ်တိုင်ပြေးတော့သည်။ အိမ်ပြန်ရောက်တော့
မိန်းကလေး တစ်ယောက်လို စကားများသော၊ ခံစားလွယ်သော Graham က မျက်ရည်ချောင်းစီးနေသည် ။
ကျွန်မ နှစ်ကူးကို ဒီမှာပဲ နေဖို့ ဆုံးဖြတ်လိုက်ပြီဟု ပြောကာ နှစ်ယောက်သားပြေးဖက်ကြသည်။ ဒီမှာ Jude law
လုပ်ပြသွားသော မျက်နှာက ကိုယ့်မြတ်နိုးသော အဖိုးတန်အရာတစ်ခုကို ပြန်ပိုင်ဆိုင်ခွင့် ရလိုက်သည့်
မျက်နှာအစစ်ဖြစ်သည်။
နောက်တော့ အင်္ဂလန်က Graham အိမ်လေးမှာ မိသားစုတွေ စုံစုံညီညီ ပျော်ရွှင် နေကြပုံနှင့် သိမ်းပါသည်။
Kate နှင့် Cameron မှာ ဒီတစ်ခန်းပဲ နှစ်ယောက်တွဲ သရုပ်ဆောင်လိုက်ရသည်။
ဇာတ်သိမ်းလေးက ကြည်ကြည်နူးနူး နှင့် ချစ်စရာကောင်းနေပါသည်။ တိုင်းပြည် မတူသော ပြဿနာကို
ဒါရိုက်တာက မဖြေရှင်းခဲ့ပါ။ အချစ်က ဒါတွေကို ကျော်လွှားနိုင်မည်ဟု စိတ်ချပေးခဲ့တာ ဖြစ်နိုင်သည်။ ကလေး
သရုပ်ဆောင်တွေကလည်း အခန်းနည်းနည်းပဲ ပါရသည့်တိုင် ချစ်စရာကောင်းသော ကလေးတို့သဘာဝကို ပြနိုင်ခဲ့သည်။
ဇာတ်ညွှန်းကော တည်းဖြတ်မှုရောက ပြီးပြည့်စုံကောင်းမွန်လှသည်။ ဇာတ်လမ်းနှစ်ခုကို တစ်ခုတည်း
မှာ အကြာကြီး မပြပဲ ဟိုဖက်ဒီဖက် အရသာမလျော့အောင် ရိုက်ပြခဲ့သည်။ ဇာတ်ဝင်သီချင်းများကလည်း
ဇာတ်ဝင်ခန်းနှင့် လိုက်ဖက်ညီလှသည်။ ဒီကားက နောက်နှစ်ပေါင်းများစွာကြာလည်း ဒီအရသာပဲ မပျက်စီးပဲ
ရှိနေမှာဖြစ်သည်။
သရုပ်ဆောင်များကလည်း ဇာတ်ရုပ်နှင့် ကွက်တိလုပ်ပြသွားနိုင်သည်။ ပထမတစ်ခါကြည့်တုန်းက
Amanda ၏ ခံစားချက်များကို သိပ်မမြင်ခဲ့ရ။ ဒုတိယတစ်ခါကြည့်မှ အချစ်တစ်ခုကို လက်ခံလိုက်ဖို့ အစစ အရာရာ
စဉ်းစားဆုံးဖြတ်နေသော အပျိုကြီး မမ တစ်ဦးကို လှမ်းမြင်လိုက်ရသည်။ နောက်ဆုံး နှလုံးသားရဲ့ တောင်းဆိုမှုကို
လိုက်နာသွားခဲ့သည်။
Graham နေရာမှာ Jude law ကလည်း ပီပြင်သွားခဲ့သည်။ စိတ်ထားနူးညံ့ပြီး ၊ မျက်ရည်လွယ်တတ်သည့်
Graham။
Milesက သဘောကောင်းပြီး လိုက်လျောအားနာတတ်သူ။ ကိုယ့်ထက်သာသည့် ယောက်ျားလေးကို
ရနိုင်သည်ဟု သူယူဆထားသော မိန်းကလေး သစ္စာ ဖောက်သွားတော့လည်း ကိုယ့်ကိုကိုယ်သာ အပြစ်တင်ခဲ့သည်။
Kate နှင့် လိုက်ဖက်ညီပုံမှာ Leonardo နှင့် Kate အတွဲ ထက်သာသည်ဟု ကျွန်တော်က သာသာထိုးထိုး ညွှန်းချင်သည်။
Iris နှင့် Miles တို့က Arthur အပေါ်ထားသည့် မေတ္တာမှာလည်း ရုပ်ရှင်တွင် လှပစွာ အသက်ဝင်နေသည်။
ကိုယ့်ပတ်ဝန်းကျင်မှ နေဝင်ချိန်ကို ရောက်နေသည့် သက်ကြီးရွယ်အိုများ ဘဝကို သက်သောင့်သက်သာနှင့်
အဓိပ္ပာယ်ရှိအောင် ကူညီပေးနိုင်တာ တန်ဖိုးရှိလွန်းပါသည်။
အချစ်က နေရောင်ခြည်လို့ ကိုယ့်ဘဝကို တောက်ပနွေးထွေးစေသည်။ အချစ်က ကိုယ့်ဘဝကို တိမ်ညိုမှိုင်းလို
အမှောင်ရိပ်သန်းစေသည်။
တကယ်တမ်း ချစ်တာ၊ မုန်းတာ၊ လွမ်းတာ၊ လမ်းခွဲတာ ဒါတွေ အားလုံးမှာ ရဲဝံ့ဖို့ လိုပါသည်။ စွန့်စားကြည့်ဖို့ရာ
အကြောင်းလည်း ခိုင်လုံပါသည်။ ကျွန်တော်တို့ ပုထုဇဉ် သာမန်လူသားတွေ အဖို့  ကိုယ့်ကိုကိုယ် ခွင့်လွှတ်စရာ
အကြောင်းတွေ များစွာ ရှိလေသည်။
ဒီဇာတ်ကားက ပေးချင်သည်မှာ ဒါတွေ အားလုံးကို လူသားဆန်စွာ တွေ့ ကြုံ ခံစားဖို့ ဟု ထင်ပါသည်။ ဒီအတွေ့
အကြုံတွေကပဲ ကိုယ့်ကို လူသားဆန်စွာ ရင့်ကျက်လာစေခဲ့တာ ဖြစ်ပါသည်။
အချစ်ကြောင့်  စိတ်ညစ်ညူးနေသူများအဖို့ ဒီ The holiday ရုပ်ရှင်ကို ကြည့်မိပြီး Iris ကပေးသော စိတ်ဓာတ်
အင်အားကို ရမည်ဆိုပါက ဒီရုပ်ရှင်၏ စေတနာ အထမြောက်ပြီဟု ဆိုနိုင်ပါသည်။
ဦးဏှောက်နှင့် နှလုံးသားကို ဘယ်အချိုးနှင့် ရောမွှေမှ အချစ်ရေးတွင် အဆင်ပြေနိုင်မလဲ ကျွန်တော်လည်း
သေချာမသိပါ။ ကိုယ့်ကို စိတ်မချမ်းမြေ့စေသော အချစ်ဆိုလျှင်ဖြင့် စွန့်လွှတ်ဖို့ ရဲရင့် ရပေမည်။ ဘဝက တိုတောင်း
လှသည်။ ကိုယ့်အသက်ရှင်နေချိန်များကို နောင်တမရှိပဲ စိတ်ချမ်းမြေ့စွာ ကုန်ဆုံးနိုင်ဖို့  ထိုက်တန်ပါသည်။
ဇွဲလွင်
No comments:
Post a Comment